
သေဆုံးသွားသူမှာ စစ်တွေမြို့ သင်္ဘောဆိပ်၊ ဆင်ကူးလမ်း အကွက်(၂) ရပ်ကွက်တွင် နေထိုင်သူ ဦးထွန်းယိုင် (၅၇) နှစ်ဖြစ်ကြောင်း သိရသည်။
အဖဖြစ်သူ ဦးထွန်းယိုင်မှာ သားဖြစ်သူ ထွန်းဝင်းအသက် (၃၈)နှစ်က တုတ်ဖြင့်ရိုက်သဖြင့် ဦးခေါင်းတွင် ဒဏ်ရာ ရရှိသွားပြီး သွေးထွက်လွန်ကာ သေဆုံးသွားခြင်းဖြစ်ကြောင်း အိမ်နီးနားချင်း မျက်မြင် အမျိုးသမီး တစ်ဦးက ပြောသည်။
“ ထွန်းဝင်းက စိတ်နည်းနည်းမမှန်ဘူး။ ကျွန်မ ညနေပိုင်း ထမင်းချက်နေတုန်းမှာ သူအဖေက သားဖြစ်သူကို မိန်းကလေးတွေ ရေချိုးနေတာကို ဘာဖြစ်လို့  ကြည့် နေတာလဲ။ သူများမြင်ရင် မင်းကို ဆဲဆိုလိမ့်မယ်လို့ ပြောတော့ သားဖြစ်သူက ထလာပြီးသစ်သားတုတ်နဲ့ နောက်စေ့ကို တစ်ချက်ရိုက် လိုက်တာကို မြင်လိုက်ရပါတယ်” ဟု ဆိုသည်။
အခင်းဖြစ်ပွားသည်မှာ ညနေ သုံးနာရီခွဲခန့်တွင် ဖြစ်ကြောင်း၊ အရိုက်ခံလိုက်ရသဖြင့် ဖခင်ဖြစ်သူ၏ ဦး ခေါင်းမှ သွေးများ ပြည့်လျှံပြီး အဆက်မပြတ် ထွက်လာကြောင်း၊ ညနေ ၄နာရီခွဲခန့်တွင် စစ်တွေ ဆေးရုံကြီးကို တင်ပို့လိုက်ကြောင်း၊ ဆေးရုံတွင် ၁၃ ချက် ချုပ်ရကြောင်း၊ ၎င်းနောက်ပိုင်းတွင်ခေါင်းနည်းနည်းမူးလာကြောင်း ပြောကြားပြီး စကားတခွန်းမှ မပြောနိုင်တော့ဘဲ နောက်ထပ် လုံးဝသတိမရခဲ့တော့ကြောင်း၊ နောက်တစ်နေ့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်တွင် ၎င်းဒဏ်ရာဖြင့်ကွယ်လွန်သွားကြောင်း သူမက ပြောဆိုသည်။
သားဖြစ်သူအား ယခုအခါ ရဲကဖမ်းဆီးလိုက်ပြီး ပုဒ်မ(၃၀၂)ဖြင့် အမူဖွင့်ထားကြောင်း စစ်တွေ အမှတ် (၂) ရဲခန်းမှူး ဦးကျော်သာမောင်က ပြောသည်။
“ ကျွန်တော်တို့ ဆေးစာတွေတော့ မရသေးဘူး။ ဒါပေမယ့် တရားခံကို ဖမ်းဆီးထားပါပြီ။ ပုဒ်မ (၃၀၂) နဲ့ အမူဖွင့်သွားမှာပါ” ဟု ယင်းက ဆိုသည်။
သေဆုံးသွားသူ ဦးထွန်းယိုင်တွင် ဇနီး ဒေါ်မချေ အသက် (၄၆)နှစ်နှင့် သားသမီး(၉)ဦး ကျန်ရှိ ခဲ့ကြောင်း သတင်းရရှိသည်။
နိရဉ္စရာ-
No comments:
Post a Comment